ဘဝ...ရသ..ကော်ဖီခါးခါး |
လက်ရှိအနေအထားမှာ အချိန်အများစုက အထီးကျန်သလိုခံစားနေရတယ်။ မျှော်လင့်ချက် ခပ်ပါးပါး။ အနာဂတ်က မှုန် ၀ါးဝါး။ ဘယ်စခန်း သွားရမှာလည်း မရေရာ။ လက်လှမ်းမီသမျှ စာလေးတွေဖတ်လိုက်။ လက်ဖက်ရည်ဆိုင်မှာ အကြာကြီး ထိုင်၊ တွေ့ရာလူနဲ့ (အများအားဖြင့် လူရင်းတွေနဲ့) တောင်ရောက် မြောက်ရောက် ရောက်တတ်ရာရာတွေ ပွားလိုက်။ ရံ ဖန်ရံခါ ရင်ထဲမှာအောင်းနေတဲ့ လေပူတွေကို BBC,VOA လေလှိုင်းကတဆင့် လွှင့်ထုတ်လိုက်။ အိပ်ယာထဲမှာ ခွေရင်း အတိတ်အကြောင်းတွေ ပြန်တွေးလိုက်။
ဒီလိုနဲ့ စိတ်ကူးလေးတွေသွက်လာတယ်။ လက်ကလေးတွေလှုပ်လာတယ်။ စာရွက်ပေါ်မှာ စာကြောင်းလေး တွေထင် လာတယ်။ ကောင်းတာမကောင်းတာ အသာထား.. စာလုံးတွေက အင်တာနက်ပေါ်ထိ ခုန်ပေါက် ဖြန့်ကျက်လာတယ်။ အင်တာနက်စပိနဲ့ပြေးရင်းလွှားရင်း တချို့ တချို့သောမျက်လုံးတွေ.. ကိုယ်ဖြန့်ခင်းထားတဲ့ စာလုံးတွေပေါ် ခလုတ်တိုက် လဲကျမိတော့.. comment ဆေးစက်လေးတွေ ချထားခဲ့တယ်။ ဘာပြောကောင်း မလဲ… ဒီကကောင်ရောဂါတိုးပါလေ ရော။
သွေ့ခြောက်နေတဲ့ ဦးနှောက်မှတ်ဥာဏ်ကို အတင်းရေစိုအောင်ဆွတ်ပြီး အထပ်ထပ်အခါခါ ညှစ်ချ။ ရသမျှအတွေးတွေနဲ့ ဖြစ်နိုင်သမျှ အရုပ်တခုရအောင်ဖန်တီး။ လှသလား အကျည်းတန်သလား နားမလည်။ အင်တာနက် ဈေးကွက်မှာ အချိန် မီအရောက်တင်။ အင်း…ခုဆိုရင် ဖေ့စ်ဘုတ် စင်ပေါ်မှာ ကိုယ်တင်ထားတဲ့ အရုပ်တွေ မျက်စိရှုပ်လောက်အောင်ကို အ တော်များနေပါပေါ့လား။
နောက်ဆက်တွဲပြဿနာတခုက ဘယ်တုန်းကမှ မရင်းနှီးဘူးတဲ့ အဲဒီ အင်တာနက်ဆိုတဲ့ မိတ်ဆွေကို တနေ့တခါလောက် မှမမြင်ရရင် မနေနိုင်လောက်အောင် စွဲလမ်းနေမိတာ။ အိမ်သူက စိတ်လိုလက်ရ အိတ်ထဲထည့် ပေးထားတဲ့ အကြွေစ လေးတွေရော… တခါတလေ သူမသိအောင် ဘတ်ထားတဲ့ ဘတ်ငွေအစစ်တွေပါ အင်တာနက်ဆိုင်မှာပဲ ဂိတ်ဆုံးဆုံး သွား။ စိတ်ထွက်ပေါက်လေး တခုအဖြစ်ပါ။
ကြာတော့ အိမ်သူသက်ထားကပါ သိပ်ပြီးမသင်္ကာ ဖြစ်လာတယ်။ ဘာတွေလုပ်နေတာလဲ.. ဘယ်သူတွေနဲ့ ဆက်သွယ် တာလဲ…။ အွန်လိုင်းဇာတ်လမ်း တွေကလည်း သူ့ဟာသူ ကောင်းကင်မှာမနေဘဲ မြေပြင်ထိ ဆင်းဆင်းလာတတ်တော့ မိသားစုတွေကြားမှာ ယုံထင်ကြောင်ထင် ဖြစ်ရတာပေါ့။
အွန်လိုင်းပေါ်လမ်းလျှောက်နေရင်း သိကျွမ်းခွင့်ရလာတဲ့ မိတ်သစ်တွေ၊ မထင်မှတ်ဘဲပြန်ဆုံခွင့်ရလိုက်တဲ့ မိတ်ဟောင်း တွေနဲ့ စကားပြောခွင့်ကြုံတဲ့အခါ ရင်ထဲမှာ စိတ်သက်သာရာရသလိုလို။ ဒါပေမယ့် ကိုယ်ပိုင်းဖြတ်ထားတဲ့ သတ်မှတ်ချိန် ထက် ပိုပိုသွားတတ်တယ်။ မိတ်ဟောင်းတွေနဲ့ အတိတ်အကြောင်း စကားလက်ဆုံ ကျတဲ့အခါမျိုးမှာတော့ သွားလေရော့ ဇာတ်မျောကြီး။ ဇာတ်လမ်းအရှိန်သတ်မရတော့ Bill စာရင်းက တက်ပြီးရင်း တက်။ ဒါတွေရှင်းဖို့ မဆလာခွင်ကို ခရီးယာ ယီထွက်။ မခက်ပါဘူးနော်… နေတတ်ရင် ပျော်စရာကြီး။
ရင်ထဲရှိရှိသမျှ အားရအောင် စားမြုံ့ပြန်ပြီးတဲ့နောက် ကိုယ့်အပြစ်နဲ့ကိုယ် ခပ်ရို့ရို့လေးအိမ်ပြန်လာတဲ့အခါ နွေးထွေးစွာ စောင့်ကြိုနေတဲ့ အိမ်ကစီအို(ဇနီး)ရဲ့ နှုတ်ခမ်းပါးက ကျိုက်ထီးရိုးဝင်းစတားပစ်သလို ဒလစပ် ပေါက်ကွဲထွက်လာတဲ့ အ ပြစ်တင်သံတွေအောက်မှာ ငမိုက်သား ပြားပြားကြီးဝပ်ကာ ခံပေရော့။
သူ့ကိုတုန့်ပြန်နေလည်း ပြေလည်စရာအကြောင်းမမြင်။ အကောင်းဆုံးက အိမ်နောက်ဖေးကိုတည့်တည့်သွား အသင့်စိမ် ထားတဲ့ အ၀တ်တစ်ဇလုံကို သူ့ကိုယ်စား အားရပါးရ လျှော်ပစ်လိုက်တယ်။ ပါးစပ်ကလည်း တတွတ်တွတ်။
ဘယ်ရမလဲ…သင်းလောက်တော့ ဘယ်တော့မှအောက်ကျို့မခံဘူး။ အထူးလေ့ကျင့်ထားတဲ့ ရေတပ်သား။ ပင်လယ်ကို ခါးစောင်းတင်ထားတဲ့ကောင်။ သူထားသမျှအလုပ် မခိုင်းဘဲရှာကြံလုပ်လိုက်တဲ့အခါ သခင်မနှုတ်ဖျားက အကြင်နာစကား ဟ,မလာတောင်မှ သနားသဖြင့် ဖျော်ပေးတဲ့ကော်ဖီတခွက်အပြင် ကွမ်းယာလေးပါ အပိုဆုရလိုက်သေး။
ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာလည်း လုပ်ခဲ့ပြီးပြီမို့ ကျေနပ်ပါတယ်လေ…. ရေရှည်မှာ ဒီအခြေအနေအတိုင်း ဆက်ရှိနေ အုံးမှာလားဆိုတာကတော့ အများပြောပြောနေတဲ့ သမ္မတကြီးရဲ့အစိုးရလို စောင့်ကြည့်ရဦးမှာပေါ့လေ။
(ခုလိုရေးလိုက်တာလည်း မွန်းကျပ်မှုကိုဖြေလျှော့တဲ့ ထွက်ပေါက်တခုပဲလို့ ထင်မိပါတယ်)
စိတ်အနှောက်အယှက်ဖြစ်ရင် ခွင့်လွှတ်ကြပါ................
Oct 7, 2010
ဗိုလ်မှူးချစ်ကောင်း ရေးခဲ့တဲ့ အနှစ် ၂ဝ စာအုပ်လေး ကို ကိုယ့်ဘလော့ဂ်မှာ ယူတင်ခဲ့ပေမယ့် မနေ့ကမှ ဖေ့စ်ဘွတ်ခ်မှာ တယောက်ပြန်ရှဲလို့ အဆင်သင့်တုန်း တခါတည်းဖွင့်ပြီး တထိုင်တည်း ဖတ်ဖြစ်လိုက်တယ်။
လွန်ခဲ့တဲ့ အနှစ် ၆ဝ လောက်ဆီ ပြန်ရောက်သွားခဲ့ပြီးတော့ ရင်ထဲမှာ နုံးချိကျန်ခဲ့တယ်။ မျိုးချစ်စိတ်နဲ့ တော်လှန်ရေး ။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အယူဝါဒ လူပုဂ္ဂိုလ်စွဲတွေ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းနဲ့ ခိုင်ကြည်လေးမြတ်ခြင်း။ ရွံရှာမုန်းတီးစက်ဆုပ်စရာ ကောင်းလှတဲ့ အာဏာအဆိပ်သင့်မှုတွေကို ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်ခံအခင်းအ ကျင်းမှာ သံဝေဂရစွာ နာကျင်ကြေကွဲစွာ ဖတ်ရှုလိုက်ရတယ်။ ဆုံးရှုံးနစ်နာခဲ့ရတဲ့ လူ ကောင်းလူမွန်တွေ မရေတွက်နိုင်ခဲ့။ အဲဒီအချိန် မတိုင်ခင်တွေကတည်းက အဲဒီအချိန် တွေနောက်ပိုင်းမှာရော လွန်ခဲ့တဲ့အနှစ် နှစ်ဆယ် အခုလက်ရှိအချိန်တွေမှာထိ ဆုံးရှုံးဆဲ နစ်နာဆဲ ကြေကွဲမဆုံးဆဲ။
ဒါကပဲ ဗမာ့သမိုင်းတဲ့လား
ရန်ပွဲတွေ တိုက်ပွဲတွေ စစ်ပွဲတွေ မရှိတဲ့ကမ္ဘာကြီးတခု ဖြစ်ဖို့ဆိုတာတော့ မျှော်လင့်နိုင်စ ရာအကြောင်း မရှိလှပေဘူး ။ ဒါပေမယ့် ဟောဒီ ကမ္ဘာမြေပြင်ပေါ်က သစ်ပင်တွေကို ခုတ်လှဲပြီးသေနတ်တွေ ဖြစ်လာတဲ့အခါ ကမ္ဘာ့မြေဆီ မြေလွှာတွေထဲက ဒြပ်သတ္တုတွေနဲ့ ခဲယမ်းမီးကျောက်တွေဖြစ်လာတဲ့အခါ လူသားတွေရဲ့ ရန်ဆောင် အမျက်လောဘတွေက ပိုလို့ ပိုလို့ လောင်မြိုက်လာနေလေရော့သလား။ အဲဒီအထဲကမှ ကိုယ်တိုင်ရဲ့ ရွေးချယ် လိုမှု မဟုတ်ရပါပဲ ကိုယ့်ဆန္ဒထက် ကြီးမြတ်တဲ့ စေ့ဆော်မှုတွေကြောင့် လက်နက်ကိုင်ခဲ့ ကြသူတွေ လိုလိုလားလားနဲ့ကို စစ်ကိုလိုလားသူ တွေ။ လက်နက်ကိုင်ရင်းနဲ့ ငြိမ်းချမ်း ရေးကို တောင့်တနေသူတွေ။ လက်နက်ကိုင်ရင်းနဲ့ ရန်သူကို အညိုးတကြီးအပြီးသပ် ခြေ မှုန်း လိုသူတွေ။ အဲဒါတွေ အားလုံးထဲကမှ လူတယောက်ခြင်းစီရဲ့ လူသားဆန်မှုတွေ ။
ဗမာ့စောင်း- အို်င်ဝိုဂျီးမား နဲ့ ဂျပန် စစ်ပြန်ကြီးများ
(ပြန်လည် ဖော်ပြခြင်း)
Jun 8, 2008
ဒီ မြင်ကွင်းကျယ်သုံးခု အတွေးထဲမှာစုပြီး ဖွဲ့တည်နေတာတော့ ကြာလှပြီ။ ခုတော့ ဧရာ ဝတီမြစ်ဝဒေသက ရုပ်ပျက်ဆင်းပျက်စုပုံနေတဲ့ ခန္ဓာကိုယ်တွေကို မမြင်ရက်မြင်ရက် မြင် နေရင်းကကို၊ လွန်ခဲ့တဲ့ ၄ နှစ်လောက်က အမှတ်မထင်ကြည့်လိုက်ဖူးတဲ့ ဗမာ့စောင်း ဆို တဲ့ သမိုင်းဝင် ဂျပန်ရုပ်ရှင်ထဲက၊ ရာထောင်ချီတဲ့ အလောင်းတွေအတွက်၊ ဘဝတခုလုံး ကို လမ်းကြောင်းပြောင်းပြစ်လိုက်တဲ့ အညတြ ဂျပန်စစ်သားလေး မစ်ဆူအီကို၊ သတိရမိ တော့တယ်။
ဒီရုပ်ရှင်က ဒုတိယ ကမ္ဘာစစ်အပြီး စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အုံးအုံးကြွက်ကြွက် ဖြစ်နေတဲ့အချိန်မှာ နာမည်ကြီး ဂျပန်ဒါရိုက်တာကြီး အိုင်ချီကာဝါက ဖန်တီးခဲ့တာပါ။ ၁၉၅၄ ခုနှစ်မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုကို ရခဲ့တယ်။ တလောကမှ ဂျပန် ဒါရိုက်တာကြီး အိုင်ချီကာဝါတယောက် အသက် ၉ဝ ကျော်မှာ သေဆုံးသွားတော့ ဟစ်တိုင် အွန်လိုင်း စာစောင်မှာ၊ သတင်းဆောင်းပါးလေးအဖြစ် ဖော်ပြတာ၊ တွေ့လိုက်မိ တယ်။ ဒါပေမဲ့၊ ဗမာ့စောင်း ရုပ်ရှင်ကို ဖော်ညွှန်းတဲ့နေရာမှာ ဗမာ့စောင်းကို မြတ်နိုးချစ်ခင် တဲ့ ဂျပန်စစ်သားလေးတယောက်အကြောင်းလို့၊ ဖော်ပြထားတာဟာ၊ သိပ်အကျဉ်းရုံး လွန်းပြီး၊ ရုပ်ရှင်ရဲ့ အနှစ်သာရကို မပေါ်လွင်ဘူး ဖြစ်နေတယ်။
တကယ်က ဒီဇတ်လမ်း တခုလုံးဟာ၊ ကမ္ဘာ့စစ်ကြီးတွေရဲ့ ရူးသွပ်ကြောက်မက်ဘွယ် ကောင်းမှုတွေကြားထဲက လူတယောက်ချင်းစီမှာရှိနေနိုင်တဲ့ လူသားစိတ် ကလေးကို၊ အ နုပညာမြောက်အောင် ဖော်ပြထားတာပါ။ ဒီအခွေလေး လက်ထဲရောက်လာတော့ စိတ် တောင် မဝင်စားမိဘူး။ အဒေါ်တယောက်က ဗြိတိသျှရုပ်သံမှာ Burmese Harp ဆိုပြီး လာတာနဲ့ စိတ်ဝင်စားပြီး အခွေနဲ့ လိုက်ကူးထားလိုက်တာ။ သူ ကူးထားတဲ့ ဗီဒီယိုတိပ်ကို တခါ ဗီစီဒီထပ်ကူး။ စက်ထဲထိုးကြည့်တော့လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်က အဖြူအမဲ ရုပ်ရှင်က မှုံဝါးလွန်းလို့ ဆက်တောင်မဖွင့်ဖြစ်တော့တာ။ နောက်တော့မှ အဒေါ်က သိပ် ကောင်းလွန်းလို့ ကြည့်ဖြစ်အောင် ကြည့်ပါဆိုတာနဲ့ ကဲ ကြိုးစားပမ်းစား ကွန်ပြူတာနဲ့ အ နီးကပ်ဖွင့်ကြည့်တော့မှ အဆင်ပြေတယ်။ တကယ်ကြည့်လိုက်တဲ့အခါကျတော့ ဗမာ ပြည်ရေမြေ နောက်ခံဗမာ့ ဂီတသီချင်းတွေ ဗမာလူမျိုး ဇတ်ပို့၊ ဇတ်ရံတွေနဲ့ မယုံနိုင်စရာ ကောင်းလောက်အောင် စွဲဆောင်မှုရှိလွန်းလို့ ၂ ခါတိတိ ထပ်ကြည့်ရတဲ့ အထိပါ။
( ဇတ်ဝင်ခန်းတခု )
ဗမာ့စောင်းဒုတိယ ကမ္ဘာစစ်အတွင်းက ဗမာပြည်မှာတာဝန်ကျတဲ့ ဖျော်ဖြေရေးတပ်ခွဲလေးတခုမှာ ကြောရိုးတည်ထားတာပါ။ ထုံးစံအတိုင်း ဒီတပ်ခွဲက ဂျပန်တပ်သားတွေ စိတ်ဓါတ်မကျရ အောင် စစ်သီချင်းတွေ အမျိုးမျိုးနဲ့ တာဝန်ယူဖျော်ဖြေရတယ်။ တပ်မှူးကိုယ်တိုင်က ဂျ ပန်ပြည်မှာသံစုံ တီးဝိုင်းခေါင်းဆောင်ကနေ စစ်ထဲကို ဆင့်ခေါ်ပါလာသူ။ အဲဒီအထဲက တပ် သားလေး မစ်ဆူအီဆိုတာကလည်း နဂိုထဲက ဂီတပါရမီ ထက်သန်သူဆိုတော့ သူတို့ တပ်စခန်းချရာ ကျေးရွာသားတွေနဲ့ ရင်းနှီးခင်မင်ရင်း ဗမာစောင်းကို ခုံခုံမင်မင်တီး ခတ် လာခဲ့တယ်။ ဒီနေရာမှာ ဆရာတင်မိုး ပြောပြတဲ့ သူငယ်စဉ်က ရွာမှာ ဂျပန်စစ်သား တွေနဲ့ ခင်မင်ပြီး တယောထိုးလေ့ရှိကြတယ် ဆိုတာလေးကိုတောင် သတိရမိတော့ တယ်။
ဂျပန်တွေစစ်ရှုံးပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားခဲ့ပေမဲ့ ကျဲပြန့်နေတဲ့ အဆက်အသွယ် မ ရတဲ့ တပ်စုအတော်များများကတော့ ဒီသတင်းကို မသိကြဘူး ။ ဒီအထဲမှာ မစ်ဆူအီတို့ ဖျော်ဖြေရေးတပ်ခွဲလေးလည်း ပါတာပေါ့။ နောက်တော့အလွယ်တကူပဲ အင်္ဂလိပ် မဟာ မိတ်တွေဆီ လက်နက်ချပြီး စစ်စခန်းတခုမှာ သုံ့ပန်းအဖြစ် ဂျပန်ကိုပြန်ကြဖို့ စောင့်နေတဲ့ အချိန် တောင်ကုန်းကြီးတခုပေါ်မှာ တပ်စွဲပြီးခံပစ်နေတဲ့ ဂျပန်တပ်စိတ်တခုကို လက်နက် ချဖို့ ကမ်းလှမ်းတဲ့ တာဝန်ကို မစ်ဆူအီက ယူခဲ့တယ်။
သူ တောင်ကုန်းကြီးပေါ်ကိုတက်လာပြီးစစ် ရှုံးနေပီဖြစ် ကြောင်းလက်နက်ချဖို့ ပြောတဲ့ အခါ အပေါ်မှာရှိနေတဲ့ တပ်စုကြီးက လုံးဝ လက်မခံပါဘူး။ ခက်တာက သူ့မှာမိနစ် ၃ဝ ပဲ အချိန်ရတယ်။ ဒီဖက်မှာလည်း ဘယ်လိုမှညှိလို့ မရ။ သူ ဒီလူတွေကို အဓိပ္ပါယ်မဲ့ မသေ စေချင်ဘူး။ နောက်ဆုံးအင်္ဂလိပ်တွေကို၊ သူ့ကို အချိန်ထပ်ပေးဖို့ အချက်ပြတာကို အထင် လွဲ ပြီးဝိုင်းဝန်း ရိုက်နှက်ကြလို့ သူလည်းဂူထဲမှာ မေ့မျောနေတုန်း အချိန်စေ့လို့ ဒီတောင် ကုန်းကြီးကို မိုင်းခွဲဖြိုခွင်းခံလိုက်ရပါတော့တယ်။ သူ သတိရလာတော့ ပျံ့ကျဲနေတဲ့ အ လောင်းတွေ။ သူစခန်းကို ပြန်မသွားတော့ဘူး။ နီးရာ ဘုန်းကြီးကျောင်းတကျောင်းမှာ သ င်္ဃန်းဝတ် အကူအညီတောင်းပြီး သူလျှောက်သွားကြည့်တယ်။ နေရာတိုင်းမှာ စစ်ရှုံး ခြင်း ဆုတ်ခွါခြင်းတွေ ရောဂါတွေ အလောင်းတွေ ပင်လယ်ကမ်းစပ်တွေမှာလည်း လှိုင်း ပုတ်လို့ အပုံလိုက်အထပ်လိုက် ဂျပန်စစ်သားတွေ အိမ်မပြန်နိုင်ကြတော့ဘူး။ အဲဒီအချိန် မှာ သူ့နှလုံးသားကို စေ့ဆော်နေတာက ဒီခန္ဓာကိုယ်တွေမှာ မိသားစုတွေဘဝတွေ ဂုဏ် သိက္ခာတွေ ရှိခဲ့တယ်။ ဒီလူတွေကို ဂုဏ်သိက္ခာရှိရှိ မြုပ်နှံသင်္ဂြိုဟ်ပေးရမယ် ဗုဒ္ဓဘာသာ အရ ဘဝကူးကောင်းအောင် သရဏဂုံတင်ပေးရမယ် ဆိုတဲ့အသိပဲ။ တကယ်ကို သူလုပ် ခဲ့တယ်။ တယောက်တည်း ပေါက်တူးတလက်နဲ့ အလောင်းတွေ မြုပ်တယ်။ တနေရာပြီး တနေရာ လိုက်ရှာတယ်။
အဲဒီအချိန်မှာ မစ်ဆူအီ သေပီလို့ထင်ထားကြတဲ့ သုံ့ပန်းစခန်းထဲက ဂျပန်တွေဆီကို မစ် ဆူအီနဲ့တူတဲ့ ဘုန်းကြီးတယောက်ရဲ့ သတင်းက ဒေသခံ ဈေးသည်တွေဆီကတဆင့် ရောက်လာခဲ့တယ်။ တပ်ရင်းမှူးက ကြက်တူရွေးလေးတကောင်ကို မစ်ဆူအီ ငါတို့နဲ့ အ တူ ဂျပန်ပြန်ရအောင်လို့ သင်ပေးပြီး အဲဒီ ဘုန်းကြီးဆီကိုရောက်အောင် ဈေးသည်တွေ က တဆင့် ပို့လိုက်တယ်။ ဒီ ရုပ်ရှင်ရဲ့အထွတ်အထိပ် ရင်ကိုဖမ်းဆုပ်နိုင်တဲ့အခန်းလေး ကတော့ မစ်ဆူအီက သူ့ရဲဘော်တွေရှိရာ သုံ့ပန်းစခန်းနားကိုရောက်လာပြီး မလှမ်းမ ကမ်းမှာရပ်ပြီး သူတီးနေကျစောင်းလေးကို တီးပြရင်း သူ- မစ်ဆူအီ ဖြစ်ကြောင်း လာပြတဲ့ အခန်းလေးပါ။ သံဆူးကြိုးတွေနောက်က ရဲဘော်တွေက ပြုံတိုးပြီး ကြည့်ကြ။ အော်တဲ့သူ က အော်ကြ ငိုတဲ့သူ ကငိုကြ။ ကြက်တူရွေးလေးကလည်း
“မစ်ဆူအီငါတို့နဲ့အတူ ဂျပန် ပြန်ရအောင်”
လို့ ထပ်ကာထပ်ကာ အော်လို့။ မစ်ဆူအီကတော့ စကားတခွန်းမှ မပြောပဲ ကြက်တူရွေး လေးကို ပခုံးပေါ်တင်ပြီး စောင်းကိုသာ တွင်တွင်တီး နေခဲ့တယ်။ တကယ်ပဲ မစ်ဆူအီ တ ယောက်ဂျပန် စစ်သားတွေကို သရဏဂုဏ်တင် သဂြိုဟ်ဖို့ ဗမာပြည်မှာကျန်နေ ရစ်ခဲ့ပါ တော့တယ်။
(၁၉၈၅ ခု မှာရောင်စုံဖလင်နှင့် ပြန်ရိုက်သော ဗမာ့စောင်းမှ ဇတ်ဝင်ခန်း)
အိုင်ဝိုဂျီးမား ကျွန်းမှ ပေးစာများဗမာ့စောင်းလိုပဲ စစ်နဲ့ လူသားဆန်မှုတွေကို အလှပဆုံး ရက်ခြယ်ထားတဲ့ ဂျပန်ကား တ ကားကို ပြီးခဲ့တဲ့လကပဲ ကြည့်ဖြစ်လိုက်ပြန်တယ်။ ဟောလိဝုဒ် နံမယ်ကျော် Clints Eastwood ရိုက်တာဖြစ်ပြီး အော်စကာဇကာတင်ခံရတဲ့ နာမည်ကျော်အဆင့်မီ ကား ကောင်းတခုပါ။ တကားလုံး ဂျပန်စကားပြောဖြစ်ပြီး မင်းသားက the last samurai ထဲ က ဝါတာနာဘီ ပါ။ ဒါပေမဲ့တကယ့် ဇတ်ကောင်ကတော့ မုန့်ဖုတ်သမားလေးကနေပီး စစ်ထဲ ဆင့်ခေါ်ပါလာတဲ့ တပ်သားလေး ဆိုဂီကပဲ တကားလုံးရဲ့ အနှစ်သာရကို ထောက် ပြသွားခဲ့တယ်။
အိုင်ဝိုဂျီးမားဆိုတာ ဂျပန်ရေပိုင်နက်ထဲမှာ ထိုးထွက်နေတဲ့ မီးသင့်ကျောက် တောင်ပူစာ ကျွန်းလေးတခု။ ဒီကျွန်းပေါ်မှာ အမေရိကန်တွေကို ခုခံဖို့ ဂျပန်တပ်စုတစု ပြင်ဆင်နေ ကြရတယ်။ သူတို့တွေ ဒီကျွန်းလေးမှာ ပိတ်မိပြီးသေ ကြရတော့မယ်ဆိုတာကိုလည်း အားလုံးလိုလိုက သိနားလည်နေကြတယ်။ ရိက္ခာပြတ်လပ် အားအင်ချိနဲ့နေတဲ့ စစ်သား တစု ကမ်းစပ်မှာ ကတုပ်ကျင်းတူးနေကြတုန်း မောပန်းလွန်းတဲ့ ဆိုဂီ က
“အမေရိကန်ကနိုင်မှာပဲလေ ငါတို့ ဒီကတုပ်ကျင်းတွေကို ဘာအတွက် တူးနေရတာပါ လိမ့်ကွာ ဒီကျွန်းကိုပေးလိုက်ပြီးရောကွာ” လို့
အချင်းချင်း ညီးညူလိုက်မိတာကို သူ့တပ်ဗိုလ်ကြားသွားလို့ အသေဆော်တော့မဲ့ အချိန် မှာပဲ ဗိုလ်ချုပ်ကြီး ကူရီဘာရာရှီ (ဝါတာနာဘီ) ရောက်လာပြီး ကယ်လိုက်တာနဲ့ ဇတ် လမ်းလေးကို ဖွင့်ထားပါတယ်။
တကယ်တော့ ဆိုဂီ ရဲ့ ရိုးသားတဲ့ အလျော့ပေးစိတ်ဓါတ်က ဘာတာဝန်မှမယူ ဘာအကူ အညီမှ မပေးနိုင်ပဲ အသက်ပေါင်းများစွာကို ဒီကျွန်းလေးပေါ်မှာ အသေခံခိုင်းတဲ့ ဂျပန် တော်ဝင် သေနာပတိချုပ်ကြီးရဲ့ အမိန့်ထက် အများကြီး အပြစ်ကင်းတယ်လို့ ထင်ပါ တယ်။ အမေရိကန်အကြောင်းသိတဲ့ အမေရိကန်ပြန် ဗိုလ်ချုပ်ကြီး ကူရီဘာရာရှီရဲ့ တာ ဝန်ယူတတ်မှု လူသားဆန်မှု လူ့အသက်တွေကို အလေးထားမှု ဒီခံစစ်အပေါ်မှာ ပကတိ အတိုင်း သုံးသပ်နိုင်မှုကိုလည်း ဂျပန်တို့ရဲ့ ဘူရှီဒိုစိတ်ဓါတ် (အရှုံးမပေးကိုယ်တိုင် အဆုံး စီရင်မှု) နဲ့ ရောယှက်ပြီး ပြသွားတာဟာ တကယ်အတွေးပွားစရာ ကောင်းလှပါတယ်။
လော့စ်အိန်ဂျလိစ် အိုလံပစ်ပွဲမှာ ပြိုင်ခဲ့ဖူးတဲ့မြင်းခုန် ချန်ပီယံ တပ်မှူး နာရှီ ကလည်း ဒဏ်ရာအပြင်းအထန်နဲ့ မိလိုက်တဲ့ အမေရိကန်စစ်သားကို ရှားပါးတဲ့ကြားထဲကပဲ ရှိတဲ့ မော်ဖင်းလေးထိုးပေးခဲ့တယ်။ နောက်ဆုံး အမေရိကန်စစ်သားသေသွားတော့ အိတ်ထဲ ကထွက်လာတဲ့ သူ့အမေရဲ့ စာလေးကပဲ ဒီအဖြစ်အပျက်လေးကို အဓိပ္ပါယ်ဖြည့်လိုက် တယ် ။
“Come home safe. do the right thing because it is right .” တဲ့။
ဒီကျွန်းပေါ်ကို အပြစ်နဲ့ရောက်လာတဲ့ တဘားကျ စစ်ဗိုလ်လေး ရှီမီဇူရဲ့ အဖြစ်ကလည်း စိတ်ဝင်စား စရာကောင်းတယ်။ သူ့ကို ကင်ပေတိုင် (ထောက်လှမ်းရေး) က မွေးထား ပေမယ့် တရက်မှာ သူ့ဆရာနဲ့အတူ မြို့ထဲ ပတ္တရောင်လှည့်တုန်း နိုင်ငံတော်အလံ မလွှင့် လို့ဆိုပြီး အိမ်တအိမ်ကို ပြသာနာရှာတယ်။ အိမ်ရှင်မခမျာ လင်ကစစ်ထွက်နေတော့ က လေးငယ်လေး ၂ ယောက်နဲ့ မအားလို့ဖြစ်ကြောင်း တောင်းပန်နေတုန်း မွေးထားတဲ့ ခွေး ကထိုးဟောင်။ ကင်ပေတိုင်အရာရှိမှာ လူကိုသာအနိုင်ကျင့်လို့ကောင်းပေမဲ့ ခွေးဟောင် တော့ ရှက်ရှာပြီး အတူပါလာတဲ့ ရှီမီဇူ ကို ခွေးသတ်ခိုင်းပါတော့တယ်။ ဒီ ခွေးလေးကိုပဲ လုံခြုံရေးအတွက် အားကိုးနေရတဲ့ သားအမိရဲ့ ငိုရှိုက်တောင်းပန်သံတွေကြားမှာ ရှီမီဇူ တယောက် သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြပြီး သူ့ဆရာဆီ ပြန်အထွက်အလာ လမ်း တဝက်ရောက်မှ ခွေးဟောင်သံ ပြန်ကြားပြီး ရာထူးချ ရှေ့တန်းပို့ခံခဲ့ရပုံလေးက ရီစရာ ကောင်းသလိုလို မောစရာ ကောင်းသလိုလို။
ဂျပန်စစ်ပြန်ကြီးများ
အရက်စက်ဆုံး အဖြစ်အပျက်တွေထဲမှာ ဂျပန်များ တရုတ်နန်ကျင်းမြို့ကို သိမ်းပိုက်ခဲ့တဲ့ အဖြစ်ကြီးလည်း တခုပါခဲ့ဖူးတယ်။ ဘယ်လောက်ထိတောင် ရက်စက်ခဲ့လည်းဆိုရင် ဒီ အကြောင်းတွေကို ဒီဖက်ခေတ်ရောက်မှ သုတေသနလုပ် စာအုပ်ထုပ်ခဲ့ဘူးတဲ့ အမေရိ ကန်ဖွား တရုတ်လူမျိုး သမိုင်းပညာရှင် အမျိုးသမီးဟာ ဒီစာအုပ်လည်းထုပ်ပြီး နာမည် လည်းကြီး မိသားစုနဲ့ ပျော်ရွှင်နေတဲ့ကြားထဲက တရက်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားခဲ့ဖူးပါသတဲ့။
စိတ်ဆိုး စိတ်ကောက်တတ်သော မိန်းကလေးများ
စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး....
သင်နောက်ကျတဲ့အခါ...သူမ စိတ်ကောက်တယ်...အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ....
သင် ဆေးလိပ်သောက်တဲ့အခါ...သင့်ကို စိတ်ဆိုးတယ်...အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ...
သင်အရက်သောက်တဲ့အခါ ...စိတ်ဆိုးတယ်...အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ စိတ်ပူလို့ပါ...ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ...သူမ မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့အထိ လက်တွဲသွားချင်တယ်လေ...
သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ... သူမ စိတ်ကောက်တယ်...အကြောင်းက သင့်ကို ဂရုစိုက်လို့ပါ...မုန့်ကိုပဲ ဝေစားမယ်...သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ....
သူမရဲ့ မွေးနေ့ကို သင်မေ့တဲ့အခါ...သူမ စိတ်ဆိုးမယ်...အကြောင်းက သင်ဟာ သူမရဲ့ မျှော်လင့်ချက်ပါ... သူမရဲ့ မွေးနေ့ကို သင့်ကို အမှတ်ရစေချင်တဲ့သဘောပါ....
မိန်းကလေးတွေဟာ တရားဟောတဲ့သူလဲဖြစ်တယ်...သူတို့ စိတ်ဆိုးတဲ့အခါ သဘောတရားအမျိုးမျိုးကို နားလည်ခွင့်ရရှိကြတယ်...
မိန်းကလေးတွေဟာ တိတ်ဆိတ်တဲ့သူလဲ ဖြစ်နေတတ်ပြန်တယ်... ဒီအခါ.. သူတို့သဘောထားကို နားလည်ဖို့ ခက်ခဲပြန်တယ်....
မိန်းကလေးတွေဟာ သူတို့ရဲ့ ဘေးမှာရှိတဲ့ ယောက်ျားလေးဆီက တောင်းဆိုတယ်...မျှော်လင့်ချက်တွေ ရယူချင်တဲ့သဘောက... သူတို့ဟာ မကြာခဏ ဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ပဲ...
ဒါကြောင့် မိန်းကလေးတွေက ယောက်ျားလေးတွေကို အလွယ်တကူ စိတ်ဆိုး စိတ်ကောက်တာဖြစ်တယ်....
တကယ်လို့ သင့်ဘေးမှာ စိတ်ကောက်တတ်တဲ့ ကောင်မလေး ရှိရင်...သင် ကံကောင်းပြီလို့မှတ်ပါတော့....
သင့်မှာ စိတ်ဆိုးတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်တော့ သူမကို တန်ဖိုးထားပါတော့...အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ.... :)
တကယ်လို့...တစ်နေ့ကျရင်...သူမ သင့်အပေါ် စိတ်မဆိုးတော့ရင် ဘာဖြစ်လာမလဲ ....
သင်က ထင်ချင်ထင်မယ် နားအေးသက်သာသွားမှာပေါ့... အခုမှ အေးဆေးနေရတော့မယ် လို့ထင်နိုင်ပါတယ်...
တကယ်တော့သင်တစ်ယောက်တည်း အမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ခြားမှု နဲ့ အထီးကျန်စွာ နာကျင်ခြင်းကို တစ်ဦးတည်းခံစားရမှာဖြစ်တယ်...သင့်ကို ပူပန်စိုးရိမ်မှုနဲ့ ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက် ကိုယ့်ဘာသာ လမ်းဆက်လျှောက်ရမှာဖြစ်တယ်...
မှားယွင်းခြင်းတွေကြုံလဲ သတိပေး တားမြစ်တဲ့ သူဆိုတာ မရှိနိုင်တော့တဲ့အတွက်...မှားပြီးရင်း ထပ်မှားဖွယ်ရာ ဖြစ်လာနိုင်တယ်....အဆုံးမှာ မိမိကိုယ်ကို ယုံကြည်ခြင်းပျက်သုဉ်းလာပြီး...အိပ်မရတဲ့ ညတွေကို ဖြတ်သန်းရတော့မှာဖြစ်တယ်....
ဒါကြောင့် မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်...သူတို့ရဲ့ သဘောထားကို မြင်အောင်ကြည့်ပေးပါ.. ကိုယ့်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး...သူ့မှာ အကြောင်းရင်းရှိပါတယ်...သူ့ရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်....
ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ချစ်ခရီးလမ်းဟာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့....
မူရင်း။ ။珍惜你身边那个爱生气的女人
ကျေနပ်နိုင်ကြပါစေ...
စာချစ်သူများအား ကျေးဇူးတင်ပါသည်
(ဇေယျာ)08/Dec/2011, Thursday, 11:30 pm
စိတ်ဆိုး စိတ်ကောက်တတ်သော မိန်ကလေးများ
No comments:
Post a Comment
Don't be shy; leave you comments!