၁၉၄၆ ခုနှစ်၊ မတ်လက
ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ၊ ဟသာင်္တ ဦးမြ၊ ဦးအောင်ဇံဝေ စသော
ဖဆပလအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် အတူ စည်းရုံးရေး ခရီးထွက်ခဲ့စဉ်က
အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည် ဖော်ထုတ်တင်ပြလိုပါသည်။ထိုအချိန်က
ဗိုလ်ချုပ်သည် အစိုးရအဖွဲ့ အာဏာ မရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံ
နိုင်ငံရေး ခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ
တိုင်းခန်း လှည့်လည်သလို လေယာဉ်၊ မော်တော်ယာဉ်၊ မီးရထား၊ မီးသဘောင်္ စသည့်
အဆောင်အယောင်များ မရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ သွားခဲ့ရပါသည်။
သို့သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းစွာ
ခရီးသွားရသည်ကို လုံးဝ မညည်းညူဘဲ ရွှင်လန်း တက်ကြွစွာပင် သွားခဲ့သည်မှာ
အံ့သြ ချီးကျူးဖွယ် ကောင်းလှ ပါသည်။ စစ်အတွင်း ဂျပန်ခေတ်က သူသည် တပ်မတော်
သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် “မောရစ် ၂၅” အမျိုးအစား အနက်ရောင်
ဆလွန်းကားကြီးကို အလံသုံးခု ဆင့်လွှင့်လျက် စီးနင်းသွားလာ ခဲ့ရသည်ကိုလည်း
ပြန်လည်သတိမရ၊ မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့ ဘတ်စ်ကား
အစုတ်တစ်စီးဖြင့် သွားရခြင်း၊ ရခိုင်ဖက်တွင်လည်း နွားလှည်းတစ်လှည့်
ခြေကျင်တစ်ခါ သွားလာပြီး စည်းရုံးဟောပြောရခြင်းကို လုံးဝ စိတ်ဓာတ်မကျဘဲ
ပျော်ရွှင်စွာပင် သွားလာ ဟောပြော စည်းရုံးခဲ့ပါသည်။
[မှတ်ချက်။ အလံသုံးဆင့် ဆိုသည်မှာ
ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ
လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်း၏ ကားတွင်လည်း
စစ်ဖက်ရာထူး မေဂျာဂျင်နရယ် (ဗိုလ်ချုပ်)အလံ၊ တပ်မတော် သေနာပတိ အလံနှင့်
အစိုးရအဖွဲဝင် စစ်ဝန်ကြီး အလံဟူ၍ အလံသုံးခု ဆင့်၍ လွှင့်ထူသွားခဲ့ရခြင်းကို
ဆိုလိုပါသည်။ စာရေးသူ]
ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့ 
ပတ်ဝန်းကျင်တစ်ဝိုက် နေရာအနှံ့ အပြားသို့ လှည့်လည် ဟောပြော
စည်းရုံးကြပြီးနောက် ရန်ကုန်သို့ မပြန်မီ တောင်ဘက် သံတွဲတောင်ကုတ်မြို့ 
နယ်များဆီသို့ ဆက်လက် သွားရောက် ဟောပြောရန် ယင်းဒေသ၌ ကျွန်တော်တို့
ဗိုလ်ချုပ်တို့၏ အမာခံတော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ
ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ်၊ သံတွဲဒေသတွင်
ရေလမ်းမှ ခရီးသွားရခြင်းကို သဘော မကျသော်လည်း အလွန်ရင်းနှီးပြီး
အားကိုးရသူ ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသောကြောင့်
လှည့်လည် ဟောပြောရန် သဘောတူ လိုက်ပါသည်။သို့နှင့်ပင်
နယ်လှည့်ခရီးထွက်ကြမည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပုဂ္ဂိုလ်တို့က
ရေလမ်းဖြင့် သွားရန် တံငါလှေကြီးများ ပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည်
ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ခေါ်၍ ခပ်တိုးတိုးလေး
မေးပါသည်။
“ဟေ့ကောင် ငါတို့အခု သွားရမယ့် ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား”
“ဟုတ်ကဲ့ ဗိုလ်ချုပ်၊ ရေလမ်းဆိုပေမယ့်
အတတ်နိုင်ဆုံး ရေတိမ်ပြီး ကမ်းနဲ့နီးနီး နေရာက သွားမှာပါ၊ ဒါပေမယ့်
ခရီးလမ်းတစ်ထောက်မှာတော့ ပင်လယ်ကို ဖြတ်သွားရပါမယ်၊ ဘေး အန္တရာယ်တော့
မရှိပါဘူး၊ ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်
ပြေမှာပါ”
ကျွန်တော်ကလည်း ခရီးစဉ်ကို သိထားသည့် အတိုင်း အမှန်ကို ဖြေလိုက်ပါသည်။
“ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆိုရင် မဖြစ်ဘူး ထင်တယ်ကွ”
“ဘာဖြစ်လို့လဲ ဗိုလ်ချုပ်”
“ဘာဖြစ်ရမှာလဲ၊ ငါက ရေမကူးတတ်ဘူးကွ၊ မတော်တဆ လှေမှောက်ရင် ဘယ့်နှယ် လုပ်မလဲ”
ဗိုလ်ချုပ်က ခပ်တိုးတိုးလေး
ပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်း
ဖြစ်မိသွားပါသည်။ရေမကူးတတ်သူများ အနေဖြင့် ရေလမ်းခရီးသွားရမှာကို
ကြောက်ခြင်းသည် မဆန်းပါ။ အထူးသဖြင့် ကမ်းနှင့်ဝေးဝေး ပင်လယ်ပြင်ကို
ဖြတ်သွားရမည်ကို စိုးရိမ်ရမည် ဆိုရင်လည်း စိုးရိမ်မိမည်မှာ သဘာဝ ကျပါသည်။
သို့သော် ခရီးက မသွား၍မဖြစ်။
ဦးကျော်ရင်နှင့် ဒေသခံ ပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်
လာရောက်ဟောပြောမည်ဟု ကြေညာထားပြီး နေပေပြီ။ ကျွန်တော်လည်း စဉ်းစားရင်း
အကြံတစ်ခု ရမိသဖြင့်
“ဗိုလ်ချုပ် ဒီမှာပဲ ခဏစောင့်ပါ၊ ခရီးစဉ် ပြောင်းလို့ရရင် ပြောင်းပြီးသွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်”
ဟုပြောပြီး ကျွန်တော်သည် တော်လှန်ရေး
ရဲဘော်ကြီး ဦးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။
အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ ကျွန်တော်သာ စိတ်ကူးရသည့် အကြံကို
ခပ်တိုးတိုး ပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန် ဖြင့် ပြုံး၍
ခေါင်းညိတ်ပြပါသည်။
ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့
ခပ်သုတ်သုတ် ပြန်လျှောက် သွားလိုက်ပါသည်။ “ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာ
မရှိဘူး၊ ကိုကျော်ရင်တို့ အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ၊ သွားမယ့် ခရီး
စဉ်ကို လမ်းပြောင်းပြီး သွားကြမယ်၊ အတွင်းဘက် ချောင်းငယ်တစ်ခုက တစ်ဆင့်
ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်၊ ဒါပေမဲ့
ပင်လယ်ပြင် ဖြတ်စရာ မလိုတော့ဘူး၊ ကျွန်တော်တို့ စိတ်ချလက်ချ
သွားနိုင်ကြပါမယ်၊ ကဲ လှေတွေလည်း အသင့် ဖြစ်နေပြီ၊ သွားကြရအောင်”
ဤသို့ပြောပြီး ဗိုလ်ချုပ်အား
အသင့်ပြင်ထားသော လှေကြီးဆီသို့ ခေါ်သွားလိုက်ပါသည်။ လှေက
တံငါလှေဖြစ်သော်လည်း ဒေသခံ ပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်
သာအောင်ဆိုပြီး “ပေါင်းမိုး” ကို လှေဝမ်း အပေါ်တွင် အမိုး လုပ်ကာ
တပ်ဆင်ထားပါသည်။ ယင်းအစီအစဉ်ကြောင့် ပင်လျှင် ကျွန်တော်၏ အကြံအစည် ချောမော
အဆင်ပြေသွားပါသည်။
လှေ၏ အမိုးအောက်တွင် ခင်းထားသော
သင်ဖျူးဖျာများရှိရာ ကျွန်တော်က လူငယ်တစ်ဦး အား ခေါင်းအုံးတစ်လုံး
ရှာခိုင်းပြီး ဖျာပေါ်တွင် ချထားလိုက်ပါသည်။
လှေပေါ်ကို တက်မိသည်နှင့် ကျွန်တော်သည် ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက်-
“ဗိုလ်ချုပ် အခု သွားရမယ့် ရေလမ်းက
နည်းနည်းပိုဝေးလို့ အတော်ကြာကြာ သွားရမယ်၊ ဒီ အတိုင်း
ထိုင်လိုက်သွားရင်လည်း ပျင်းစရာကောင်းလိမ့်မယ်၊ ဒီတော့ ဗိုလ်ချုပ်အနေနဲ့
ခရီးလည်းပန်း၊ ညတုန်းကလည်း စကားပြောနေကြတာ ညဥ့်နက်သွားလို့
အိပ်ရေးပျက်ခဲ့တယ် မဟုတ်လား၊ အခု အချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး
တစ်ရေးလောက် အိပ်လိုက်ပါ၊ အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့
ဗိုလ်ချုပ် အိပ်ရေးဝပြီး လန်းဆန်း လာလိမ့်မယ်”
ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်အား ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။
“ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍
ချစ်စရာကောင်းသော အချက်တစ်ခုမှာ နိုင်ငံရေး၊ စစ်ရေး ကိစ္စများတွင်သာ
သူကိုယ်တိုင် အဆုံးအဖြတ်ပေးလေ့ ရှိသော်လည်း အခြား အသေးအဖွဲ လူမှုရေး
ကိစ္စများတွင် ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့ စီစဉ်ပေးသလိုသာ
လုပ်လေ့ရှိခြင်းပင် ဖြစ်ပါသည်။”
ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင် ဆိုလျှင်လည်း ဘယ်အခမ်းအနားမျိုး ကျလျှင် ဘယ်လို ၀တ်စားရမည်ကိုပင် သူ မသိသဖြင့် -
“ဟေ့ကောင် လုပ်စမ်းပါဦးကွာ၊ ငါဘယ်လို ၀တ်ရမှာလဲ”
ဟု မေးလျှင် ကျွန်တော်က ၀တ်ရမည့်
အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီး သည်။ ဗိုလ်ချုပ်သည်
ဘာမျှမပြောဘဲ ကျွန်တော်ပေးသော အ၀တ်အစားများကိုသာ ၀တ်လေ့ ရှိပါသည်။
တစ်ခါတစ်ရံ “နက်ကတိုင်” လည်စည်း စည်းရာတွင် ပုံပန်းမကျ ဖြစ် နေလျှင်
ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည်
နိုင်ငံရေးကိစ္စက လွဲလျှင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။
ကျွန်တော့် ကိုသာ မေးပြီး စီစဉ်ပေးသည့်အတိုင်း လိုက်လုပ်တတ်ပါသည်။
ထို့ကြောင့်ပင် လှေပေါ်ရောက်ပြီး
ကျွန်တော်က တစ်ရေးတမော အိပ်ရင်း အနားယူပါဟု ပြောတော့လည်း သူသည်
ဘာမှမပြောဘဲ လှဲအိပ်ချလိုက်ရာ ပင်ပန်း၍လား မပြောတတ်၊ ချက်ချင်းလိုပင်
အိပ်ပျော်သွားရှာပါသည်။
သည်တော့မှ လေကို ပဲ့ကိုင်ထိန်းသူ၊
လှော်တတ်သူ လူငယ်များအား စထွက်ရန် ပြောပြီး ပင်လယ်ပြင်ကို ဖြတ်၍လှော်ခတ်
သွားကြရပါတော့သည်။ ဗိုလ်ချုပ်ခမျာ ဘာမျှ မသိ။ ကျွန်တော်ပြောသလို
ရေတိမ်တိမ် ချောင်းကျဉ်းကျဉ်းထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျက်
စိတ်ချလက်ချ အိပ်ပျော်သွား ရှာပါသည်။
မြစ်ဝကျွန်းပေါ် ဒေသလို နေရာမှ
လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ ကစားရာမှ ရေကူးတတ်ရုံမက
ကျင်လည်စွာပင် ကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်ရေရှား၊
အင်းအိုင်မြစ်ချောင်း မရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သား
ဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူး တတ်ခြင်းမှာ မဆန်းပါ။
တက္ကသိုလ်ရောက်တော့ ရေကူးကန်၊ ရေကူးအသင်း (Swimming Club) လည်းရှိသဖြင့်
အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏။ သို့ရာတွင် တက္ကသိုလ်သမဂ္ဂနှင့်
နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး အချိန်ပြည့် မိမိနိုင်ငံ လွတ်မြောက်ဖို့
လှုပ်ရှားနေသူ ကောလိပ်ကျောင်းသား ကိုအောင်ဆန်း အနေဖြင့် ရေကူး အသင်းဝင်ပြီး
ရေကူးသင်ရန်အတွက် အချိန် မပေးနိုင်ခဲ့ပါချေ။
ထို့ကြာင့်ပင် ပင်လယ်ပြင်ဖြတ်၍
ရေလမ်းခရီး သွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။
တပ်မတော် သေနာပတိ စစ်သူကြီးတစ်ဦး ဖြစ်ခြင်းကြောင့် ရေမကူးတတ်ဘဲ
ရေလမ်းခရီး သွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍ မရပါ။ ယင်းကိစ္စနှင့်
ပတ်သက်၍ ကျွန်တော် သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည်
ကျွန်တော်တို့အား ထပ်တလဲလဲ ပြောလေ့ရှိသော -
“လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့
အမှန်တရားကို မြတ်နိုးမှုပဲ ဖြစ်တယ်၊ အခြေ အနေ၊ အချိန်အခါ၊ နေရာဌာန မရွေး၊
မှန်တာကိုသာ ပြောဝံ့တဲ့ သတ္တိရှိရမယ်”
ဟူသော သွန်သင် ဆုံးမချက်၊ အထူးသဖြင့် သူ၏
ဝါသနာအရ အင်္ဂလိပ်ဘာသာဖြင့် (Character and love of Truth) ဟု
ပြောခဲ့သည့်အတိုင်း ယခုလည်း သူ သွန်သင်ဆုံးမ သလို ကိုယ်တိုင် လက်တွေ့
လုပ်ပြသွားခြင်း ဖြစ်သည်ပါတကားဟူ၍ပင် ဖြစ်ပါသည်။
No comments:
Post a Comment
Don't be shy; leave you comments!