Tuesday, 3 January 2012

ရာဇဝင်ပျောက်ခဲ့ ပြီအဖေ...


စစ်ဗိုလ်ဝတ်စုံနဲ့ ဗိုလ်ချုပ်ပုံ
ဆောင်းပါးရှင် - ဗိုလ်ရဲထက်  (ဖေဖော်ဝါရီ - ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား ဂုဏ်ပြုခြင်း)

သမိုင်းမှာထင်ရှားခဲ့တဲ့ သားတို့ရဲ့ မြန်မာ့တပ်မတော်ဟာ လက်ရှိဦးဆောင်နေတဲ့ တပ်မတော် ခေါင်းဆောင်အချို့နဲ့ အာဏာကို မက်မောနေတဲ့ လူတစ်စုတို့ကြောင့် ရာဇ၀င်ပျောက်ခဲ့ပြီ ဖြစ်ပါတယ်။ အသက်ကိုပင် ပဓါနမထားဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် သွေးချွေးများကို ပေးလှူထားခဲ့တဲ့ သားတို့တပ်မတော်ဟာ ယနေ့အချိန်မှာ ပြည်သူဘက်မှ မရပ်တည်နိုင်ဘဲ လူတစ်စုရဲ့ အကျိုးစီးပွါးအတွက် အလုပ်လုပ်ပေးနေရတဲ့ လက်နက်ကိုင် လူရမ်းကားတပ် အသွင်သို့ ကူးပြောင်း သွားလိုက်တာဟာလည်း ရင်နာစရာ ကောင်းလှပါတယ်။ လူမသိ သူမသိ ကူးပြောင်းနေရာမှ ပေါ်ပေါ်ထင်ထင်ဘဲ ကူးပြောင်းသွားလိုက်လေရာ ယနေ့တပ်မတော်ကိုများ ဖခင်ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ အပါအ၀င် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းပေးခဲ့ကြပါသော ပြည်သူချစ်တဲ့ ကျဆုံးလေပြီးသော တပ်မတော်သားများ အနေနဲ့ တမလွန်ဘ၀မှာ ကြားသိရရင်ဖြင့် ဘယ်လိုများ ဖြေသိမ့်ရမည် မသိတော့ပါ။
တပ်မတော်ကို မွေးထုတ်ပေးတဲ့ ကျေးဇူးရှင် အဖေ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဦးဆောင်ပေးမှုအောက်မှာ အားလုံးဟာ လိုက်ပါကြိုးစားခဲ့ကြလို့ သားတို့နိုင်ငံတော်ကြီး လွတ်လပ်ရေးတော့ ရခဲ့ပြီးပါပြီအဖေ။ ဒါပေမယ့် အဖေရယ် အဖေ့သွေးသောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းတဖြစ်လဲ ဦးနေဝင်းကနေစလို့ ယခု ဗိုလ်ချုပ်သန်းရွှေအဆုံး တိုင်းပြည်ကို ဖျက်ဆီးလာခဲ့လိုက်တာ ခုဆိုသားတို့ တိုင်းပြည်ဟာလေ အဖေပြောခဲ့သလို ဖာနိုင်ငံရယ်လို့ အပြောခံနေရပါပြီ၊ ဒါတင်ပဲလားဆိုတော့ ဘယ် “က” ဦးမလဲ၊ အဖေရေ… သူခိုးနိုင်ငံ၊ သူတောင်းစားနိုင်ငံတဲ့။

အဖေမေးမှာပေါ့နော် မင်းတို့တပ်တွေကကော ဘာတွေလုပ်နေလဲ၊ ဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲလို့ မေးခဲ့ရင် သားပြောပြပါမယ်အဖေ။ အဖေတည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကြီးထဲက သားတို့တပ်မတော်သားတွေဟာလေ အခုဆို ဘာဆိုဘာမှကို မလုပ်ရဲ တော့လောက်အောင် ဖြစ်နေပြီအဖေ။ အဖေမျှော်လင့်တကြီးနဲ့ တစ်နေ့မှာ အမေရိကန်နိုင်ငံက West Point စစ်တက္ကသိုလ်လို ငါတို့နိုင်ငံမှာလဲ စစ်တက္ကသိုလ် ပေါ်ထွန်းချင်ခဲ့တဲ့ အဖေ့ ဆန္ဒကို သားရိပ်မိပါတယ်။ အဖေမျှော်လင့်ခဲ့တာက တိုင်းတစ်ပါးရဲ့ ကျူးကျော်မှုတွေကို ကိုယ်ပိုင် တပ်မတော်တစ်ရပ်နဲ့ တွန်းလှန်အောင်မြင်နိုင်အောင် ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရအောင် အဖေလုပ်ချင်ခဲ့တယ် ဆိုတာပေါ့။ ဒါပေမယ့် အဖေရယ် အဖေမျှော်လင့်ခဲ့သလို ဖြစ်မလာဘူးအဖေ။ တပ်မတော်အင်အားရှိအောင် ဖြည့်တင်းနေတယ်လို့ အသံကောင်းဟစ်ပေမဲ့ ၀ယ်လိုက်တဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စတဲ့ စစ်ယာဉ်တွေဟာ ခပ်ညံ့ညံ့ဖြစ်နေတာကြောင့် တိုင်းပြည်ဘဏ္ဍာငွေတွေ အလဟဿ ဆုံးရူံးနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်တွေလည်း ပျောက်ကုန်ပြီအဖေ။

အဖေကပြောခဲ့တယ် ဖက်ဒရယ်ပုံစံနဲ့ တိုင်းပြည်ကိုတည်ထောင်မယ် တိုင်းရင်းသားလူမျိုးစုတွေနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်မယ်ဆိုတဲ့ အဖေ့မျှော်လင့်ချက်တွေနဲ့ အဖေ့လုပ်ငန်းစဉ်တွေကို သားလေးစားတယ်၊ အားကျတယ်၊ သားလည်း အဖေ့လုပ်ငန်းစဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကာကွယ်ရေးလုပ်ငန်းကို အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဆောင်ရွက်မယ် ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။ ဒါပေမယ့် အဖေရယ် ခုတော့လေ အဖေတည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကဘဲ အဖေမျှော်လင့်ခဲ့တဲ့ တိုင်းရင်းသားတွေ အချင်းချင်း ချစ်ခင်စည်းလုံးစွာနဲ့ အတူတကွ နေထိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရိုက်ချိုး၊ လက်နက်စွဲကိုင် တိုက်ခိုက်နေကြတာ လွတ်လပ်ရေး ရကတည်းကပါအဖေ။  အပစ်ရပ်အဖွဲ့တွေကို ငြိမ်းချမ်းရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်အဖွဲ့ ဆိုပြီး အမျိုးအမည်ပေါင်းစုံနဲ့ အခွင့်အရေးတွေ ခွဲခြားပေးရင်း စစ်အာဏာရှင်တွေက သွေးခွဲအုပ်ချုပ်ခဲ့လို့ အင်္ဂလိပ်ထက်တောင် ဆိုးပါသေးတယ်။

ဒါတင်ပဲလားဆိုတော့ ဘယ် “က” မလဲ အဖေရယ်။ ပြည်သူတွေကိုလဲ ဟိုးတုန်းက ဘုရင်ခေတ်က ဓါးမိုးအုပ်ချုပ်သလို သေနတ်မိုး အုပ်ချုပ်နေတယ်အဖေ။ သားလေ အဖေ့လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ချင်လို့ သားလေ့လာတော့ အဖေ ချမှတ်သွားခဲ့တဲ့ လမ်းညွှန်ချက်လေး (၇) ချက်ကို သွားတွေ့တယ် အဖေ။ နအဖရဲ့ Road Map (၇) ချက်နဲ့တော့ ဆီနဲ့ရေလို ကွာခြားပါတယ်။ အဖေ့ရဲ့ လမ်းညွှန်ချက်ကတော့ Heart ထိပါပေတယ်။ သားအနေနဲ့ စာဖတ်ပရိသတ်တွေ တစိမ့်စိမ့်ခံစားစေချင်လို့ သေချာရေးပြပါရစေ။

၁။    နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်စေရမည်။

၂။    ပြည်ထောင်စုနိုင်ငံအတွင်း တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ် ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ ရှိစေရမည်။ (အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ KIA နဲ့ UWSA ထိန်းချုပ်ထားသော နယ်မြေမှာ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုမရှိသေးတာကို တွေ့ရသည်)

၃။    အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ် သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်သားများထံမှ သက်ဆင်းစေရမည်။ (ယခု ဥပဒေကတော့ စစ်ဗိုလ်ချုပ်တွေဆီက သက်ဆင်းနေပါသည်)

၎။    ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌၎င်း၊ စီးပွါး ရေးရာ၌၎င်း၊ နိုင်ငံရေး၌၎င်း တရားမျှတစေလျက်၊ အဆင့်အတန်း အခွင့်အရေး ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ ပကတိ တူညီစေရမည့်အပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့် သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်းပြီး ယနေ့ လွှတ်တော်များ ခေါ်ယူနေချိန်မှာပင် သတင်းယူခွင့် မပေးဘဲ သတင်းစာဆရာများ သတင်းထောက်များ ၀င်ခွင့်မရှိ ကန့်သတ်ထားသည်ကအစ - စပြီး တာထွက်ကတည်းက လွတ်လပ်မှု ဆိတ်သုဉ်းနေကြောင်း တွေ့ရမှာ ဖြစ်သည်)

၅။    ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဌာန်းထားရှိစေရမည်။ (နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကာလ အမျိုးသားညီလာခံအချိန်တွင် တိုင်းရင်းသားအပစ်ရပ်များ တင်ပြသည့် အဆိုပြုချက်များကို မျက်ကွယ်ပြုခဲ့သည်)

၆။    လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်းထဲ တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာ စိုးမိုး အုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ စောင့်ထိန်းထားရှိစေရမည်။ (ယနေ့အချိန်တွင် စစ်တပ်က သူပုန်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့များ၏ လက်နက်ကိုင်တပ်ဖွဲ့များက တိုင်းရင်းသားများ၏ အသိအမှတ်ပြုသော စစ်တပ် ဖြစ်နေသည်)

၇။    ရာဇဝင်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင်၊ လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ရကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဘက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဌာန်ဖြင့် စောင့်ထိန်းတော့အံ့။ (နိုင်ငံတကာတွင် မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာရှင်များကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စီးပွားရေး ပိတ်ဆို့ခံရမှု အဂတိလိုက်စားမှုများနှင့် ကြုံတွေ့နေရသည်)

No comments:

Post a Comment

Don't be shy; leave you comments!