Tuesday 20 December 2011

မျှော်လင့်ချက်နဲ့ အလုပ်လုပ်ခြင်း

 
မြန်မာပြည်ထဲမှာ နိုင်ငံရေး အပြောင်းအလဲ တချို့ ရှိလာတာကတော့ ဟုတ်တယ်။ ဒါပေမယ့် စလုံးရေစ ဆိုတဲ့ အခြေအ နေမှာပဲ ရှိသေးတယ်လို့ဆိုရင် လွန်မယ် မထင်ဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက် လည်ပတ်တဲ့ ကိစ္စက မြန်မာပြည်အတွက် ဒီနှစ်ပေါင်း ၅၆ နှစ်အတွင်း ထူးခြားတယ်လို့ ဆိုရဦးမှာပါ။ တချို့သော မြန်မာ မဟုတ်တဲ့ မိတ်ဆွေများက အဲသည့် သတင်းကို နိုင်ငံခြားတီဗွီတွေ အင်္ဂလိပ်သတင်းစာတွေမှာ တွေ့လိုက်ရတဲ့အခါ ကျနော့်ကို မေးပါတယ်။ မင်းတို့ နိုင်ငံအခြေအနေ အတော်ပြောင်းလဲလာပြီပဲ၊ တိုးတက်လာတော့မယ့် အခြေအနေလို့ ပြောတဲ့သူကလည်း ပြောပါတယ်။ တချို့ဆိုရင် မစ္စကလင်တန် မြန်မာပြည်ကို လာလည်တာနဲ့ ပတ်သက်ပြီး Dream comes true လို့တောင် ပြောပါသေးတယ်။ သူတို့ကတော့ နိုင်ငံခြားသားတွေဆိုတော့ အမေရိကန် သမ္မတက ကိုယ်စား ပြုပြီး လွှတ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် ကို ထူးခြားတဲ့ အပြောင်းအလဲလို့ မြင်တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ကျနော်ကတော့ တတ်စွမ်းသလောက် သူတို့ကို ပြန် ရှင်းပြပါတယ်။
အိပ်မက်တွေ အကောင်အထည် ပေါ်လာပြီဆိုတဲ့အထိ ပြောဖို့က စောပါသေးတယ်လို့။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ဆောင်နေရတာက ရနိုင်တဲ့အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေကို စတင်ပြီးလုပ်နေရတာ ဖြစ်တဲ့ အတွက် စိတ်မသက်မသာစရာ အခြေအနေတွေကို နောင်မှာ မြင်ရဦးမယ်ဆိုရင် (မြင်လည်းမြင်ရ ဦးမှာပါ) Dream comes true ဆိုတဲ့အထိ မရောက်သေးဘူးဆိုတာ သိလာပါလိမ့်မယ်လို့ ရှင်းပြရပါတယ်။
စိတ်မသက်မသာစရာ အခြေအနေတွေဆိုတာ ကတော့ အများကြီးပါ။ လယ်သမားတွေ လယ်သိမ်းခံရတာက တိုင်းပြည် မှာ နေရာအနှံ့။ ရွှေ့ပြောင်းလုပ်သားတွေ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာနေဆဲ။ မြန်မာပြည်က အမျိုးသမီးငယ်တွေ တ ရုတ်မှာ ထိုင်းမှာ ရောင်းစားခံနေရတာတွေကလည်း ဖြစ်နေဆဲ။ စစ်တပ်နဲ့ရဲအပါအဝင် အာဏာပိုင်ပေါင်းစုံရဲ့ အနိုင်ကျင့်မှု အမျိုးမျိုး အထွေထွေကို နိုင်ငံသားတွေ ခံနေရဆဲ။ တိုင်းရင်းသား အုပ်စုတွေနဲ့ သေနတ်ပေါက်နေဆဲ။ နိုင်ငံရေး အကျဉ်း သားတွေ ထောင်ထဲမှာ ရှိနေဆဲ။ ကလေးစစ်သားတွေလည်း စစ်ထဲဆွဲသွင်းခံနေဆဲ။ သဘာဝအရင်းအမြစ် ပေါင်းစုံကို လက်ရှိ အာဏာပိုင်တွေ ရောင်းချင်သလိုရောင်းနေဆဲ သုံးချင်သလို သုံးနေဆဲ။ လွှတ်တော်အသစ်ကလည်း ဘာလုပ်ခွင့် ညာလုပ်ခွင့်တွေ ပေးပါပြီ ဆိုပေမယ့် တကယ်တန်းကြတော့ လွတ်လပ်စွာ ဆန္ဒပြခွင့်တို့ စုဝေးခွင့်တို့က ကင်းမဲ့နေဆဲ။ ပညာကျန်းမာနဲ့ လူမှုရေးကိစ္စအဝဝမှာ သိမ်ဖြင်းစွာ နုံချာလှစွာ နောက်ကျကျန်နေဆဲ။ နိုင်ငံသားအများစု နက်လွန်းလှတဲ့ ဆင်းရဲတွင်း ထဲမှာ ကုန်းကော့ပက်လန် နေနေရဆဲ ဖြစ်ပါတယ်။
တခါ ပြည်တွင်းမီဒီယာတွေ အတန်အသင့် လွတ်လပ်ခွင့် ရလာတာမှန်ပေမယ့် အဲသည့် လွတ်လပ်ခွင့် သေးသေးလေး တောင်မှ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာ မြင်ရပါတယ်။ ဒါ့အပြင် ဒုတိယတန်းနဲ့ တတိယတန်း လခစား ဂျာနယ်လစ် တွေကိုယ်တိုင် အခွင့်အလမ်းရရင် နိုင်ငံခြားကို ထွက်ဖို့ စိုင်းပြင်းနေတာလည်း မြင်ရပါတယ်။ သူတို့အဆိုအရ သူတို့ဟာ ဂျာနယ်တိုက် ပိုင်ရှင် လည်း မဟုတ် လခကလည်း နည်းပါးတဲ့အတွက် ရေရှည်အတွက် မြန်မာနိုင်ငံမှာ သည့်ထက် တက် လမ်း မရှိတော့တာမို့ အခုလို စဉ်းစားရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲတာကြောင့် ပညာဆက်သင်ဖို့ပဲ ဖြစ်ဖြစ်၊ ဝင်ငွေပိုရမယ့် အလုပ်အကိုင် တခုခုရရှိဖို့ပဲ ဖြစ်ဖြစ် နိုင်ငံခြားကို ထွက်ခြင်ကြတာ ဖြစ်ပါတယ်။ ကျနော်ကတော့ အဲတာနဲ့ ပတ်သက်လို့ သူတို့ကို အပြစ်မမြင်ပါ။ လူဆိုတာ သည့်ထက်သည် တိုးတက်နိုင်မယ့် နေရာကို ရှာဖွေရတာ သဘာဝ ဖြစ် တာကိုး။
ဒါ့အပြင် အစိုးရသစ်ဟာ အရပ်သားအစိုးရလို့ ပြောပေမယ့် အခုအထိ ရုရှားမှာ သူတို့ ပညာသင်လွှတ်ထားတဲ့ စစ်ဗိုလ် အများစု ကျောင်းသားအရေအတွက်ဟာ သင်ပြီးရော သင်နေဆဲသူရော ပေါင်းလိုက်ရင် တသောင်းကျော် အထိရှိနေ တယ်။ အဲသည့် ကျောင်းသားအများစု သင်ယူ နေတာက ညူကလီးယားဆိုင်ရာ ပညာရပ်တွေ ဖြစ်ပါတယ်။ လူထုအ တွက် ဆေးပညာ၊ လူမှုကယ်ဆယ်ရေး အတတ်ပညာနဲ့ အခြားသော အရပ်ဖက်ဆိုင်ရာ ဖွံ့ဖြိုးမှု အထောက်အကူအပြု နည်းပညာ တွေကို သင်ကြားနေတာ မဟုတ်ပါဘူး။ ဒါက ဘာကို ပြနေသလဲဆိုရင် သူတို့ရဲ့ ညူကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့ မရှိသေးဘူးလို့ ဆိုလိုခြင်းလဲ ဖြစ်ပါတယ်။ ညူကလီးယား အစီအစဉ် ဆက်ရှိနေသေးတယ်ဆိုရင် အဲတာကို နောင်မှာ ကိုင်တွယ်ကွပ်ကဲဖို့က စစ်တပ်သာ ဖြစ်လိမ့်မယ်ဆိုတာ သေချာပေါက် ပြောရဲပါတယ်။ အဲတာဆိုရင် စစ်တပ် ဟာ ခေါင်းကိုင်ဖခင်ကြီးနေရာမှာ ဆက်နေဦးမှာပဲ။ သူတို့က ခေါင်းကိုင် ဖခင်ကြီးဆိုရင် လက်ရှိ အရပ်သားအစိုးရဆိုတာ ရုပ်သေးအစိုးရအဖြစ် ဆက်လက်ကပြရမှာ ပါပဲ။
ဒါတွေကို ပြောနေရတဲ့အတွက် ကျနော် စိတ်ညစ်စရာတွေ ပြောနေခြင်းမဟုတ်ပါ။ မျှော်လင့်ချက် မဲ့ကုန်ပြီလို့လည်း ဆို လိုတာ မဟုတ်ပါ။ အုပ်စိုးသူအစိုးရကို ဒယ်ဒယ်ခြင်း အမာတိုက် ပြန်တိုက်ရမယ်လို့လဲ မဆိုလိုပါ။ နိုင်ငံသားတွေ အကြား မှာ စနစ်ကျတဲ့ အမျိုးအမည် စုံလင်တဲ့ စုဖွဲ့မှုတွေ လူမှုနယ်ပယ်အတွင်း စနစ်တကျ ဆက်လက်လုပ်ကိုင်ကြဖို့တော့ တိုက် တွန်း လိုပါတယ်။ အဲသလို ဆောင်ရွက်နေရင်း တဖက်မှာလည်း သူတို့ သိပ်အားကိုးတဲ့ စစ်တပ်ဟာ တချိန်မှာ ကိုယ့်လူ လုံးလုံး ဖြစ်သွားအောင် ဆောင်ရွက်ဖို့လည်း မမေ့သင့်ပါ။ အဲတာနဲ့ ပတ်သက်လို့ နည်းနာမျိုးစုံကို သုံးကြရမှာပါ။ မျှော် လင့်ချက်ကို ရင်မှာပိုက်ပြီး ဆက်အလုပ်လုပ်ဖို့ လိုပါတယ်။ သိုးဆောင်း စကားစု တခုရှိပါတယ်။ အဲတာက ဘာတုန်းဆို တော့ Hope is a good thing। Good things are valuable and valuables are always standing. မျှော်လင့်ချက်ဆို တာ ကောင်းတဲ့အရာတခုပါ။ ကောင်းတဲ့အရာတွေဟာ အဖိုးတန်ပြီး၊ တန်ဖိုးတွေဟာ အမြဲတန်း မားမားမတ်မတ် ရပ် တည်နေတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
အခုလက်ရှိ အခြေအနေကို ထင်ဟပ်နေတဲ့ ဟိုတုန်းက ကျနော်ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေးကို ပြန်ပြီး အမှတ်တရတင်ပေး လိုက်ပါတယ်။

No comments:

Post a Comment

Don't be shy; leave you comments!