Tuesday 20 December 2011

ဗိုလ်ချုပ် အောင်ဆန်း ၏မိန့်ခွန်း တစ်ချို့ ကောက်နှတ်ချက်

 

ငါတို့တပ်မတော်သည်ပြည်သူများမှဖြစ်ပေါ်လာ၍ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည် ပြည်သူ့တပ်မတော်ဖြစ်သည်။ ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏ အကျိုးကို ရည်ရွယ်ရင်းမရှိသော တပ်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည် ပြည်သူများတွင် အခြေခံထား၍ ပြည်သူများနှင့် အဆက်အဖြတ် ကွဲပြားခြားနားခြင်းမရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူတို့နှင့် တသားတည်း ရှိသည်။ ပြည်သူ့တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး၊ ပြည်သူများ၏ ဓါးသွားဖြစ်စေရမည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပည်သူများ၏ ရန်သူကို တွန်းလှန်ရန်ဖြစ်သည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ အကျိုးကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့တပ်မတော်သားများ ဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်-
(၁) ပြည်သူပြည်သား အပေါင်းတို့အား အရာရှိ၊ အရာမဲ့၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ လူမျိုးဘာသာမရွေး ဆက်ဆံတတ်ပါစေ၊ ဖေါ်ရြွေကပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့် အမှား မရှိပါစေနှင့်၊ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။
(၂) ကိုယ်နှင့်မဆိုင်တဲ့ အခြားသူ၏ အလုပ်ကို အနှောက်အယှက် မပြုပါနှင့်၊ သို့သော် ကိုယ့်ဝတ္တရား အချိန်တွင် မည်သူကိုမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားလမ်းကျပါစေ။
(၃) ဗမာမဟုတ်သော နိုင်ငံအတွင်းရှိ လူမျိုးစုများကို ငါတို့တပ်တွင်းသော်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ၊ ၎င်းတို့ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ကို မကဲ့ရဲ့ပါနှင့်၊ မပြောင်ပါနှင့်၊ မနှောက်ယှက်ပါနှင့်၊ ၎င်းတို့မခံချင်သည့် အပြောအဆို အသုံးအနှုန်းမျိုးကို ရှောင်ကျဉ်ပါ၊ ၎င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။
(က) အရက်မူး မရမ်းကားရ။
(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်းမပြုရ။
(ဂ) လုယက်မခိုးဝှက်ရ။
(၄) တည်းခိုသော အိမ်ယာများတွင် အခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ဘဲ သန့်သန့်ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသော အခါလည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်က အစားထိုးပေးခြင်း၊ လျော်ကြေး ပေးခြင်း ပြုရမည်။
(၅) တန်ရာတန်ဘိုး မပေးဘဲ မ၀ယ်ပါနှင့်။
(၆) ချေးဌားထားသော အရာကို ဆက်ဆက် ပြန်ပေးပါရန် မမေ့ပါနှင့်။
(၇) အထက်အမိန့်မရဘဲ ပစ္စည်းအတင်း မသိမ်းပါနှင့်။ အထက်အမိန့်အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေး မပြုပါနှင့်၊ သူမခံနိုင်အောင် မလုပ်ပါနှင့်။
(၈) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သော ဘာသာရေးနှင့် ပတ်သက်၍၎င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့် အလုပ်ကို မလုပ်ပါနှင့်။
အထက်ပါအတိုင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ တပ်မတော်အား စည်းကမ်းများ ပြုလုပ် ပညတ် ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း အချို့ အချို့သော တပ်မတော်သားများသည်၎င်း၊ တပ်မတော်သား ယောင်ဆောင်ကြသော အရပ်သားများသည်၎င်း၊ ကျွန်ုပ်တို့ရည်ရွယ်ချက်၊ ၀ါဒ၊ စည်းမျဉ်းနှင့် ဆန့်ကျင်ပြုလုပ်ကြပုံများကို ကျွန်ုပ်တို့ ရံဖန်ရံခါ ကြားသိရပေကြောင်း ၊ ထိုကဲ့သို့ အမှုကိစ္စမျိုးကို တွေ့ကြုံသော ပြည်သူအပေါင်းတို့သည် ကျွန်ုပ်တို့အား သိရှိရသည်နှင့် တပြိုင်နက် လာရောက်အကြောင်းကြား တိုင်ကြားစေလိုကြောင်း။
ကျွန်ုပ်တို့ တပ်မတော်သည် အဓမ္မနှိပ်စက်ခြင်း၊ သွေးစုတ်ခြင်း အတွက် မည်သည့်အခါမှ ရည်ရွယ်ခြင်းမရှိ၊ ထိုကဲ့သို့ ကျွန်ုပ်တို့ရည်ရွယ်ချက်နှင့် ဆန့်ကျင်သော မည်သူကိုမဆို ကျွန်ုပ်တို့အား လာရောက်တိုင်ကြားက ကျွန်ုပ်တို့ အရေးယူနိုင်သူ မှန်သမျှကို အရေးယူမည် ဖြစ်ကြောင်း။
ယခုအထိ ကျွန်ုပ်တို့သည် ပစ္စည်းများ ရရန် သိမ်းယူခြင်း မပြုသေးကြောင်း၊ အကယ်၍ နောက်ဆုံး ကျွန်ုပ်တို့ သိမ်းယူရမည်ဆိုလျှင် ကျွန်ုပ်တို့၌ မရှိမဖြစ်မှ သိမ်းယူမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သိမ်းယူရာတွင်လည်း စနစ်တကျပြု၍တရားမျှတစွာဖြစ်အောင် ကျွန်ုပ်တို့ကြိုစားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ သိမ်းယူခြင်းမှာလည်း အမှန်စင်စစ်အားဖြင့် ဗမာနိုင်ငံ ဗမာလူမျိုး အတွက်ပင် ဖြစ်ရာ တစ်ကိုယ်ကောင်း တစ်စုကောင်းအတွက် သိမ်းယူခြင်း၊ တပ်မတော် နာမည်ကို အလွဲသုံးစားပြု၍၎င်း၊ ရောင်ခြည်တော်နှင့် ရောနှော၍၎င်း၊ သိမ်းဆည်းခြင်းများကို ကျွန်ုပ်တို့ အရှင်းသဘောမတူ၊ ထို့ကြောင့် အကယ်၍ ကျွန်ုပ်တို့ပစ္စည်းများ သိမ်းခြင်း တနေ့နေ့ ပြုမည်ရှိသော် ဤကဲ့သို့ အကြောင်းအရာများ ပေါ်ပေါက်က ကျွန်ုပ်တို့အား သတင်းပေးကြ စေလိုကြောင်း။
အကယ်၍ သိမ်းယူနေသူများ ပေါ်ပေါက်ခဲ့သော် ကျွန်ုပ်တို့ တပ်မတော်မှ ဟုတ်သည် မဟုတ်သည်ကို စုံစမ်းရန် ကျွန်ုပ်တို့ထံ လာရောက်တိုင်ကြား စေလိုကြောင်း။ ဗမာ့တပ်မတော် နှင့်ပတ်သက်၍ အကျိုးလိုယောင်နှင့် ဗမာ့တပ်မတော် ပျက်စီးရာ ပျက်စီးကြောင်း စကားများကိုလည်း ကျွန်ုပ်တို့ ကြားသိရပေကြောင်း၊ ဤကိစ္စများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အတိအလင်း ကြေညာလိုသည်မှာ ကျွန်ုပ်တို့တပ်မတော်သည် မည်သည့်ရန်သူ၏ ပဉ္စမံတပ်သား အလိုတော်ရိများ မဟုတ်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တိုင်းပြည် လွတ်လပ်ရေးနှင့် ထိုတိုင်းပြည် လွတ်လပ်ရေးကို ခိုင်ခိုင်မာမာ ဒင်းပြည့် တည်တန့်စေအောင် ဆောင်ရွက်ရန်ဖြစ်သော မျိုးချစ်တပ်မတော်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးကို ရွှေဒဂါင်္း အစရှိသော အဖိုးတန်ပစ္စည်းများနှင့် ကိုယ်ရေးအတ္တအတွက် မည်သည့်အခါမဆို မည်သည့်နည်းနှင့်မျှ လဲယူမည် မဟုတ်ကြောင်း။
ကျွန်ုပ်တို့သည် ဤနိုင်ငံ၊ ဤလူမျိုးများ၏ လုံးဝလွတ်လပ်ရေးအတွက် အဆုံးထိ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း၊ တိုင်းသူပြည်သားများအား တိတိလင်းလင်း ကျေညာလိုက်ပေကြောင်း။
အောင်ဆန်း
စစ်ဝန်ကြီးနှင့် စစ်သေနာပတိ
ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်
ရန်ကုန်နေပြည်တော်

No comments:

Post a Comment

Don't be shy; leave you comments!