Tuesday 13 December 2011

လူအချင်းချင်း မျက်နှာချင်းဆိုင်ပြောတာထက် အလိမ်များသော email >alk

  လူတွေသည် မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောခြင်းထက် အီးလ်မေးတွေ၊ ဂျီတော့တွေကတစ်ဆင့် ပြောဆိုဆက်ဆံကြသည့်နေရာတွင် ပိုပြီး လိမ်ပြောတတ် ညာပြောတတ်ကြကြောင်း နောက်ဆုံးပြုလုပ်ထားသော လေ့လာမှုစစ်တမ်းတစ်ရပ်အရ သိရသည်။
          ထိုလေ့လာမှုကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သုတေသနပညာရှင်များသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူပေါင်း ၂၂၀ ကို အကူအညီတောင်း၍ လေ့လာမှုကို ပြုခဲ့သည်။ ထို ၂၂၀ ကို အချင်းချင်း မျက်နှာချင်းဆိုင်တစ်ခေါက်၊ အီးလ်မေးနှင့်တစ်ခေါက်၊ ဂျီတော့နှင့်တစ်ခေါက် တစ်ခေါက်လျှင် ၁၅ မိနစ်ဆီ ပြောဆို ဆက်သွယ်စေသည်။ ထိုသို့  ပြောဆိုဆက်သွယ်သည်များကို စာရင်းပြုစု မှတ်တမ်းတင်ထားခဲ့သည်။
          စမ်းသပ်မှုပြီးသောအခါ ထိုသို့ ၁၅ မိနစ်ဆီ ပြောဆိုဆက်ဆံခဲ့မှု မှတ်တမ်းများကို သက်ဆိုင်သူများထံ ပြန်ပေးပြီး မည်သည့်နေရာများတွင် ကိုယ် ညာပြောခဲ့မိသည်များကို အမှန်အတိုင်း ပြန်ထောက်ပြခိုင်းခဲ့သည်။ ထိုအခါ မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံကြစဉ်၌ လိမ်ပြောမိကြသည့်အကြိမ်သည် ပျမ်းမျှအားဖြင့် ၁၅ မိနစ်အတွင်း ၁.၅ ကြိမ်ခန့် ပြုမိကြကြောင်း တွေ့ရသည်။
          အီးလ်မေးနှင့် ပြောဆိုဆက်ဆံကြသည့်အကြိမ်တွင် လိမ်ပြောမိကြသည့်နှုန်းက မျက်နှာချင်းဆိုင် ပြောကြတုန်းကထက် ငါးဆခန့်ထိ များပြားကြောင်းလည်း ဝန်ခံထားချက်များအရ သိရသလို၊ ဂျီတော့မှ ပြောဆိုဆက်ဆံကြသည့်အကြိမ်တွင်ကား မျက်နှာချင်းဆိုင် ပြောကြတုန်းကထက် သုံးဆခန့်ထိ လိမ်ပြောမိကြကြောင်းလည်း ဝန်ခံထားချက်များအရ သိရသည်။
          ထိုလေ့လာမှုအရ လူများသည် မိမိပြောဆိုဆက်ဆံနေရသူနှင့် လူချင်း၊ စိတ်ချင်း ဝေးနေလေ ပိုလည်း လိမ်ပြောမိကြလေဖြစ်ကြောင်း တွေ့ခဲ့ရသည်။ မျက်နှာချင်းဆိုင် စကားပြောခြင်းသည် လူချင်း အနီးဆုံးဖြစ်၍ လိမ်ပြောမိသည့်အကြိမ်လည်း အနည်းဆုံးဖြစ်ပြီး ဂျီတော့မှ စကားပြောခြင်းသည် အီးမေးပို့ခြင်းထက် လူချင်း ပိုနီးသဖြင့် အီးမေးပို့ခြင်းလောက် လိမ်ပြောသည့်ကြိမ်နှုန်းမများသော်လည်း လူချင်းတွေ့ပြီး စကားပြောခြင်းထက်တော့ လိမ်ပြောမိသည့်နှုန်း ပိုများသေးကြောင်းလည်း တွေ့ရသည်။
 
                                                                                      သန်းထိုက်စိုး

No comments:

Post a Comment

Don't be shy; leave you comments!